International News

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှု တန်ချိန် (၆.၅) သန်းသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထား

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် ပြီးခဲ့သည့်နှစ်က တန်ချိန် (၆.၂၄) သန်းခန့်ရှိခဲ့ရာမှ ယခုနှစ်တွင် ကမ္ဘာ့ဆန်ဝယ်လိုအားကြောင့် ဆန်တင်ပို့မှု တန်ချိန် (၆.၃) သန်းမှ (၆.၅) သန်းခန့်သို့  တိုးတက်နိုင်ကြောင်း သိရပါသည်။

၂၀၂၂ ခုနှစ် လက်ရှိအချိန်ထိ ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် အားကောင်းစွာဖြင့် တိုးတက်လာခဲ့ပြီး၊ အဆိုပါတိုးတက်မှုအရှိန်အဟုန်သည် ယခုနှစ် လက်ကျန်ကာလတွင် ဆက်လက်တည်ရှိနေမည်ဟု မျှော်မှန်းထားကြောင်း ဗီယက်နမ် စားသောက်ကုန်အသင်း ဥက္ကဌဖြစ်သူ Nguyen Ngoc Nam က ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့တတိယအများဆုံး ဆန်တင်ပို့သူအဖြစ် ရပ်တည်နေပါသည်။ ယခုနှစ် ပထမ (၈) လတွင် ဗီယက်နမ်နိုင်ငံ၏ ဆန်သင်္ဘော တင်ပို့မှုမှာ နှစ်အလိုက်နှိုင်းယှဉ်လျှင် (၁၉) ရာခိုင်နှုန်း တိုးလာခဲ့ပြီး၊ တန်ချိန် (၄.၇) သန်း ရှိခဲ့ပါသည်။

စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် ပိုမိုမြင့်မားလာခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့ဆန်စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံများစွာ၌ ထုတ်လုပ်မှုကို ထိခိုက်စေခဲ့ခြင်းတို့ကြောင့် လာမည့်လများတွင် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုဈေးနှုန်းများ မြင့်တက်လာမည်ဟု ခန့်မှန်းထားပါသည်။

ကမ္ဘာ့ငွေကြေးဖောင်းပွမှု ဖိအားများနှင့်အတူ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် အထူးသဖြင့် ဓါတ်မြေဩဇာဈေးနှုန်းမှာ သိသိသာသာ မြင့်တက်လာခဲ့ ကြောင်း၊ တရုတ်၊ အိန္ဒိယနှင့် ဥရောပနိုင်ငံအချို့တို့တွင် မိုးခေါင်ခြင်း၊ ရေလွှမ်းမိုးခြင်းဖြစ်စဉ်များကို ကြုံတွေ့ခဲ့ရခြင်းသည် ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ ရေးကွင်းဆက်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း Nguyen Ngoc Nam က ပြောကြားပါသည်။

၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံမှ ဆန်အများဆုံးတင်ပို့သည့် ဈေးကွက်အဖြစ် ဖိလစ်ပိုင်နိုင်ငံက ဆက်လက်ရပ်တည်နေမည်ဖြစ်ကြောင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအနေဖြင့်လည်း ဗီယက်နမ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဆန်တန်ချိန်စုစုပေါင်း (၃၃၀,၀၀၀) ကိုဝယ်ယူ၍ (၃) လအတွင်း တင်သွင်းသွားရန် သဘောတူညီချက်ရရှိထားကြောင်း သိရပါသည်။

 

(ကျော်စိန်ဝင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (STP))

ရင်းမြစ် -   https://www.bangkokpost.com/business/2380226/vietnam-2022-rice-exports-seen-rising-to-6-3-6-5m-tonnes

 

Category: International News